Loading

Slzii.com Search

Search (News)

ကိုသန်းလွင် - ပျော်ရွှင်ရသောဘဝ

Moemaka burmese environment top

ကိုသန်းလွင် - ပျော်ရွှင်ရသောဘဝ (မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၆ (၁) နွေဦးရာသီလည်း ကျော်လွန်ခဲ့ပြီ၊ ရေလှိုင်းများနှင့် ငြင်သာသော လေညင်းကိုလည်း လွမ်းခဲ့ပြီ၊ အတွေးကို လိုသလိုချဲ့နိုင်သော သစ်တောကို လွမ်းနေရတာလည်း ဖြစ်နိုင်သည်။ ယောဂ (Yoga) ဆရာနှင့် စိတ်ဆရာဝန်များ ပြောသည့် ပျော်စရာနေရာများကို လွမ်းဆွတ်ရတာလည်း ဖြစ်နိုင်ပါသည်။ ထိုပျော်ရွှင်မှုမျိုးကို ဆန့်ကျင်ပြောဆိုနေခြင်း မဟုတ်ပါ။ သူတို့သည် ပျော်ရွှင်စရာများကို ဖန်တီးပေးနိုင်သည်ဆိုလျှင် လွမ်းဆွတ်နိုင်ပါသည်။ ဘဝဆိုသည်မှာ အလုပ်လုပ်ရမည်။ အောင်မြင်မှုကို ရရမည်။ ကျန်သည့် အချိန်ကလေးတွင် အေးအေးချမ်းချမ်း နေသွားမည်ဟူ၍လည်း ဖြစ်နိုင်ပါသည်။ ပင်လယ်ထဲမှာ ရွက်လွှင့်၍ သွားချင်ရာသွားနေသော လှေကလေးပေါ်တွင် ပျော်ရွှင်နေတာလည်း ဖြစ်နိုင်ပါသည်။ (၂) ထိုအရာကို ပျော်ရွှင်ချမ်းမြေ့မှုဟု ခေါ်နိုင်ပါသလား။ များစွာသော ဖီလိုဆိုဖာများကတော့ သဘောတူညီလိမ့်မည် ထင်ပါသည်။ အသုံးချရေးဆိုင်ရာ ဖီလိုဆိုဖာ (Utility Philosopher) ဘင်သန် (Jeremy Bentham) က လူတို့သည် အချိန်တိုင်းလိုလို အကောင်းဆုံး ပျော်ရွှင်မှုကို ရှာဖွေနိုင်ရမည်။ လူတို့ တတ်နိုင်သမျှ ဝေဒနာခံစားခြင်းကို ရှောင်ကြဉ်နိုင်ရမည်ဟု ဆိုသည်။ အော်စကာဝိုင်း (Oscar Wilde) ကမူ သူသည် ပျော်ရွှင်စွာနေရသော အချိန်များအတွက် တစက်ကလေးမှ နောင်တမရပါ။ လူတိုင်းသည် ပျော်ရွှင်မှုကို အပြည့်အဝ ခံစားသင့်သည်။ ဘာပဲလုပ်နေ၊ လုပ်သမျှအလုပ်တိုင်းသည် ပျော်ရွှင်ချမ်းမြေ့စေရမည်ဟု ဆိုသည်။ သို့သော် တချို့ကလည်း ထိုအရာကို ပျော်ရွှင်မှုဟူ၍ မဆိုနိုင်ပါ။ ၎င်းတို့ကို မတားဆီးနိုင်ဘူးဆိုလျှင် တစ်စစီ နည်းနည်းချင်းသာ ခံစားရယူပါဟု ဆိုသည်။ ထိုအရာကို စာရှုသူလည်း နားလည်သဘောပေါက်ပါလိမ့်မည်။ ဂျာမန်ဖီလိုဆိုဖာ ရှိုပင်ဟော (Arthur Schopenhauer) က လူတို့တွင် ကြီးမားသော ရန်သူနှစ်မျိုးရှိကြောင်း၊ ၎င်းတို့မှာ မနှစ်မြို့ဖွယ် ခံစားရသောဝေဒနာနှင့် ပျင်းရိငြီးငွေ့ခြင်းဖြစ်ကြောင်း၊ လူတို့သည် မိမိတို့အသိဉာဏ်ရှိသလောက် မနှစ်မြို့ဖွယ်ခံစားချက်များကို ရှောင်ရှားကြကြောင်း၊ သို့သော် လူ့စိတ်သည် ၎င်းမှ လွတ်ကင်းသည်နှင့် ထိုအကြောင်းကို အဖန်ဖန်တလဲလဲ စဉ်းစားနေတတ်ကြောင်း၊ ထို့နောက် ဝေဒနာအသစ်ကို တောင့်တတတ်ကြောင်း၊ စိတ်အပြောင်းအလဲအတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ်မှာပျော်မွေ့သည့် စွန့်စားမှုဖြစ်သည့် လောင်းကစားခြင်း၊ အိမ်ထောင်ရေးဖောက်ပြားခြင်း၊ ရန်ဖြစ်ခြင်းတို့ကို ရှာဖွေတတ်သည်။ လူ့စိတ်သည် အားမနေနိုင်ကြပါ။ ထိုသို့ ပျော်စရာကောင်းသောဘဝသည် ရုတ်တရက် ပျင်းစရာဘဝ ဖြစ်သွားတော့သည်။ ပျင်းလာသောဘဝသည် ဒုက္ခကို ဖန်တီးတတ်သည်။ ရှိုပင်ဟောက အဖြေကို ပြောကြားခဲ့သည်မှာ သင်၏အသိဉာဏ်ကို ဖမ်းစားထားနိုင်သော စိတ်ဝင်စားစရာ တစ်ခုခုကို ရှာဖွေပါဟု ဆိုသည်။ ကွိုင်နှင့် တံဆိပ်ခေါင်းများစုခြင်း၊ အင်းဆက်ပိုးနှင့် ငှက်များအကြောင်း လေ့လာခြင်း၊ ဘာသာစကားအသစ်ကို သင်ခြင်း၊ စာအုပ်ကောင်းတစ်အုပ်ကို ရှာ၍ဖတ်ခြင်း စသည်တို့ ဖြစ်သည်။ စိတ်ကို ပျင်းစရာတွေနှင့် မကပ်ငြိပါစေနှင့်။ ဖမ်းစားတတ်သော ကမ်းခြေ (Beach) ကဲ့သို့သောနေရာ၊ ရေတံခွန်လို နေရာတွေကို ပျော်စရာဟု ထင်မှတ်မှားနိုင်သည်။ ပြင်သစ်ဖြစ်တည်မှုပညာရှင် ဆီမုန်း ဒီဗိုဗွား (Simone de Beauvoir) ကလည်း ပုံသေ (Passive) ပျော်ရွှင်မှုထက် ကိုယ်လက်လှုပ်ရှားရသော (active) ဖြစ်သော ပုံစံမျိုးကို ပို၍နှစ်သက်သည်။ သူ့မိတ်ဆွေ ယန်းပေါဆပ်က ပြောသော (Being-in-itself) ခေါ် မိမိဖာသာ ပြည့်စုံနေရခြင်းအကြောင်းကို ဖော်ပြခဲ့သည်။ အထူးသဖြင့် ထိုအလေ့အထသည် မိန်းကလေးများနှင့် မိန်းမများတွင် ဖြစ်လေ့ရှိသည်။ “ငါက မိန်းကလေးပဲ၊ ဒါတွေဟာ ငါတို့အလုပ်မဟုတ်ပါဘူး” ဟု လွှဲချ၍ မိမိကိုယ်ကို နှစ်သိမ့်တတ်သော အကျင့်ကို ဆိုသည်။ ဒီဗိုဗွားက ဤအကြောင်းကို သူ၏ The Second Sex စာအုပ်တွင် အကျယ်တဝင့် ရေးသားဖော်ပြခဲ့သည်။ ယောကျ်ားလေး လူငယ်များနှင့် ယောကျ်ားကြီးများမှာလည်း အေးအေးဆေးဆေးနေလိုသော ထောင်ချောက်တွင် မိနေတတ်သည်။ သူတို့သည် နေရာတစ်ခုကို ရပြီးသောအခါ ဘယ်သောအခါမှ ထိုနေရာမှ ဖယ်ခွာမသွားလိုကြ။ ကမ္ဘာကြီးကို ဖြန့်ကျက်လိုပါလျှင် သူတို့တွင် လုပ်နိုင်စွမ်းရှိကြပါသည်။ မိမိဖာသာ ဖန်တီးသော ပတ်ဝန်းကျင်က ဖန်တီးပေးထားသော နေရာတစ်ခုကို ယူရပါသည်။ သင်သည် ထိုနေရာကိုရပြီး ပျော်အောင်နေရမည့် လူတစ်ယောက်ဖြစ်သည်။ ထိုပျော်ရွှင်မှုမျိုး၌ လူတစ်ယောက်ကို ကျေနပ်အောင် တာရှည်ဆွဲဆောင်နိုင်မည် မဟုတ်။ ဒီဗိုဗွားက ထိုကဲ့သို့ မနေသင့်ကြောင်း Being for itself မျိုးဖြစ်အောင် အခြေအနေကို ထိန်းသိမ်းသင့်ကြောင်း ပြောပါသည်။ ကမ္ဘာကြီး၏ အရေးအခင်းများတွင် တက်ကြွစွာပါဝင်၍ လှုပ်ရှားရပါမည်။ သို့သော် “ကျွန်တော်သည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ” ဟု ပြောရုံဖြင့် တကယ့်စီးပွားရေးပညာရှင်ကြီး ဖြစ်မသွားနိုင်ပါ။ ထို့ကြောင့် သူတို့သည် အများက သိသာသည့် ပရောဂျက်တစ်ခုခုကို လုပ်ပြမှ သူနှင့်ထိုက်တန်သော နေရာကို ရမည်ဖြစ်သည်။ သို့မှသာ သူ့လုပ်ငန်းသည် ရှေ့သို့တိုးသွားပြီး ဘဝထိန်းကျောင်းရေးလုပ်ငန်းသည် အလိုလို ဖြစ်လာတော့သည်။ ဒီဗိုဗွားက ဖြစ်စေလိုသောသူမှာ ပျော်ရွှင်မှုကို ရလိုမှရမည်။ သို့သော် သူသည် လွတ်လပ်သည်။ ထိုအခါ သူ့ဘဝသည် အဓိပ္ပာယ်ပြည့်ဝမည်။ စာသင်ကျောင်းတစ်ကျောင်းတွင် မိန်းကလေးများကို မေးကြည့်ရာ သူတို့သည် အရာဝတ္ထုတစ်ခုလိုသာ ဖြစ်လိုကြောင်း၊ ဥပမာ မိန်းကလေးသည် လှသည်၊ ယောကျ်ားက ဦးဆောင်ရာကို လိုက်မည်၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရမည်၊ အရာဝတ္ထုတစ်ခုလိုသာ ဘေးက သဘောထားစေလိုသည်။ သူတို့သည် လူတွေနှင့် ရောနှောနေသော်လည်း သူတို့ကိုယ်သူတို့ အရာဝတ္ထုတစ်ခုလိုသာ သဘောထားလိုသည်။ ဒီဗိုဗွား ပြောနေသော မိန်းကလေးတို့ဘဝမှာ လူတွေနှင့် ရောနှောရခြင်းမှာ သူတို့အတွက် ပရောဂျက်တစ်ခုကို ရရန် ရှာဖွေဖို့ပင် ဖြစ်သည်။ Thing in itself မှ Things for itself ဖြစ်အောင် ပြောင်းလဲရန်ပင် ဖြစ်သည်။ မိန်းကလေးတို့ကို ရှေ့တန်းတင်ပေးရန် ဖြစ်သည်။ ဒီဗိုဗွားနှင့် ရှိုပင်ယောတို့ နှစ်ဦးစလုံးမှာ ငြိမ်ငြိမ်ကလေးနေပြီး ပျော်ရွှင်သောဘဝကို မဖြစ်လို။ ပိုမို၍ခက်ခဲပါစေ၊ သို့သော် ဘဝ၏ပြောင်းလဲမှုများနှင့်အတူ ပါလိုသည်။ ပတ်ဝန်းကျင်ကို တက်တက်ကြွကြွ လေ့လာပြီး ပါဝင်လိုသည်။ ရှိုပင်ယောက ဒီဗိုဗွားသည် ယောကျ်ားလေးနှင့် မိန်းကလေးတို့ကို ဖြစ်စေလိုသော ဆန္ဒများ များပြားလွန်းသည်ဟု ထင်သည်။ တောင်းဆိုလွန်းသည်ဟု ထင်သည်။ ရှိုပင်ယောက လူတိုင်းသည် စွမ်းဆောင်နိုင်အား မရှိကြပါ။ အရေးကြီးသည်မှာ စစ်မှန်သော ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း ဖြစ်ပါသည်။ လူတိုင်းအဖို့ တတ်နိုင်သောလုပ်ငန်းများမှာ ပထဝီကို လေ့လာရန်နှင့် အင်းဆက်ပိုးကောင်များအကြောင်းကို လေ့လာရန်ပင် ဖြစ်သည်။ ဘာမှဖြစ်လာရန် မရှိသော အချိန်ဖြုန်းလုပ်ငန်းမျှသာ ဖြစ်သည်။ ဤကိစ္စတွင် ဒီဗိုဗွား၏ အမြင်ကို ပို၍လေးစားမိပါသည်။ ကျောင်းဆရာတို့အနေဖြင့် သူတို့၏ကျောင်းသားများတွင် အကောင်းဆုံးကိုသာ တွေ့မြင်လိုကြသော်လည်း လူတိုင်း၌ စွမ်းဆောင်ရည် မရှိကြပါ။ လူတို့သည် ကွိုင်စုခြင်း၊ တံဆိပ်ခေါင်းစုခြင်းကဲ့သို့သော ဘဝမျိုးမှ လွတ်ရန် အရည်အချင်း မပြည့်စုံကြပါ။ နောက်ဆုံးတွင် လူတို့အဖို့ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် ဆန့်ကျင်ဘက်၊ သို့မဟုတ် ပျော်ရွှင်ချမ်းမြေ့ခြင်းကို တင်းတိမ်ရောင့်ရဲမှုဖြင့် အစားထိုးနိုင်ကြပါလျှင် နစ်ရှေး (Fredrich Nietzsche) ၏ နောက်ဆုံးလူ The Last Man ကို သွားတွေ့ပါသည်။ သူသည် နေ့မှာသော်လည်းကောင်း၊ ညမှာသော်လည်းကောင်း အနည်းငယ်သော ပျော်ရွှင်မှုကိုသာ ရှာဖွေနေပါသည်။ အမြတ်ကြီးကြီးရရန် အရင်းများများသုံးသော လူမျိုးမဟုတ်ပါ။ အရက်သောက်လျှင်လည်း အနည်းငယ်သာသောက်၍ အနည်းငယ်သော ပျော်ရွှင်မှုမျိုးကိုသာ အလိုရှိသည်။ တွေးခေါ်၍နေရသော ဘဝကို မကြိုက်။ သူသည် သူ့ပုံစံနှင့်သူ ပျော်ရွှင်နေသောသူ ဖြစ်သည်။ နစ်ရှေးက နောက်ဆုံးလူနှင့် ဆန့်ကျင်ဘက် စူပါမင်းအကြောင်းကိုလည်း ဖော်ပြခဲ့သည်။ သူသည် အမြဲအသစ်ကို ဖန်တီးနေသည်။ ချဲလင့်များဖြင့် ပြည့်နေသော ဘဝကို သဘောကျသည်။ အပြောင်းအလဲကို မျှော်လင့်သည်။ တစ်ကိုယ်တော် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်မည်။ သူ၏ နောက်ဆုံးလူကတော့ သူ့ကိုယ်သူ မူလအခြေအနေကို မပျက်စီးရအောင် ထိန်းသိမ်းသည်။ စူပါမင်းက အဓိပ္ပာယ်အသစ်ကို ရှာဖွေချိန်မှာ သူက ပျော်စရာတွေကိုသာ စဉ်းစားသည်။ (၃) ကျွန်တော်တို့သည် တင်းတိမ်ရောင့်ရဲခြင်းဖြင့် ပျော်မွေ့ရသော ပျော်ရွှင်ချမ်းမြေ့ခြင်းကို ဆန့်ကျင်နေခြင်း မဟုတ်ပါ။ ပျော်ရွှင်ချမ်းမြေ့ခြင်းကို ရှာဖွေသည်ထက် အဓိပ္ပာယ်ကို ရှာဖွေခြင်းက ပို၍ကောင်းသည်။ အဓိပ္ပာယ်ကို ရှာဖွေသူများမှာလည်း မကြာမကြာ အနားပေးရန် လိုအပ်သည်။ စိမ်းလန်းသော သစ်တောနှင့် ရှင်းလင်းသော နေရောင်ခြည် လိုအပ်သည်။ သို့သော် ပျော်ရွှင်သောဘဝကိုလည်း အကြာကြီး မနေထိုင်မိဖို့ အကြံပြုပါသည်။ ကိုသန်းလွင် Ref: There is some thing better than happiness , by Mark Edmundson, N.Y. Times, September 10, 2026. Join Us @ MoeMaKa Telegram t.me@moemaka Please show your support, donate with Zelle Zelle to moemaka.org@gmail.com "MoeMaKa Multimedia" Like and Subscribe MoeMaKa YouTube Channel youtube.com/@moemaka Like us on MoemaKa Facebook Follow us on X X.com/MoeMaKa #MoeMaKaMedia #WhatsHappeningInMyanmar
2026-09-26 04:00:47

What are you doing?

0.019625186920166


News
Moemaka

Latest News and Headlines
ကိုသန်းလွင် - ပျော်ရွှင်ရသောဘဝ (မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၆ (၁) နွေဦးရာသီလည်း ကျော်လွန်ခဲ့ပြီ၊ ရေလှိုင်းများနှင့် ငြင်သာသော လေညင်းကိုလည်း လွမ်...
News