Carregando

Slzii.com Procurar

Procurar (Notícias)

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၅)

Moemaka burmese top crime

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၅) မိုးမခ ၊ စက်တင်ဘာ ၂၂ ၊ ၂၀၂၆ ချင်းပြည်၏ အနာဂတ်ကို သတ်ဖြတ်ခြင်း အာဏာသိမ်းစစ်တပ်သည် တော်လှန်နယ်မြေက မျိုးဆက်သစ်ကလေးတွေ ပညာသင်ကြားရေး မလုပ်နိုင်အောင် စာသင်ကျောင်းတွေကို ဗုံးကြဲပြီး ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေကို သတ်ဖြတ်ခဲ့သည်။ လူငယ်တွေ ပညာတတ်မြောက်ခြင်းသည် စစ်အာဏာရှင်အတွက် အကြီးဆုံး အန္တရာယ်ဖြစ်သည်။ အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်က စာသင်ကျောင်းတွေကိုလည်း အလွတ်မပေးခဲ့ပါ။ ချင်းတောင်ပေါ်တွင် ပညာသင်ကြားရေး ပြုလုပ်ခြင်းသည် ခေတ်အဆက်ဆက် မလွယ်ကူခဲ့ပါ။ ချင်းတောင်ပေါ်က ရွာကလေးများသည် ဆင်းရဲကြပါသည်။ ၂၀၁၆ ခုနှစ်က၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက စာသင်ကျောင်းလေးတစ်ကျောင်းကို မောင်လူမွှေး စာအုပ်သွားလှူဖူးပါသည်။ လမ်းခရီးမှာ ချောက်ကမ်းပါးကပ်လျက် ဆိုင်ကယ်တစ်စီး မောင်းသာရုံရှိပါသည်။ မတော်တဆ လမ်းချော်လိုက်ပါက တောင်အောက်ကို ကျသွားနိုင်ပါသည်။ ထိုအချိန်က မောင်လူမွှေးတို့ ခက်ခက်ခဲခဲ သွားရောက်ခဲ့သော ကျောင်းကလေးမှာ ကလေးတွေ ကစားစရာ ကွင်းပြင်ကောင်းကောင်း မရှိပါ။ ကျောင်းသူကျောင်းသားလေးတွေကလည်း ဗမာစကားကို ကောင်းကောင်း မတတ်ကြသေးပါ။ "ချင်းလူမျိုး ကလေးလေးတွေက သိပ်ဉာဏ်ကောင်းကြတာဗျ။ စဉ်းစားကြည့်ဗျာ။ ဗမာလိုရှင်းပြတာမှာ ဘာသာစကားကို ကောင်းကောင်းမတတ်ပေမယ့် သင်ခန်းစာတွေကို နားလည်နိုင်တယ်။ ဒါ နည်းတဲ့အရည်အချင်းမဟုတ်ဘူးဗျ" ဟု ချင်းတောင်ပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မောင်လူမွှေးမိတ်ဆွေ ဆရာတစ်ယောက်က မှတ်ချက်ပြုဖူးပါသည်။ ချင်းတောင်က ရွာလေးတစ်ရွာတွင် တာဝန်ထမ်းဆောင်ဖူးသည့် မောင်လူမွှေးညီငယ်ကတော့ သူနဲ့ သူ့တပည့်တွေကြား သုံးနှုန်းခဲ့ကြသည့် ဗမာစကားအသစ်တွေကို ပြောပြပါသည်။ ကျောင်းသားတစ်ယောက်က စာမရေးသဖြင့် သူက အကြောင်းအရင်းကို မေးရာ "သူ့ဘောပင် ဖျားနေတာ ဆရာ" ဟု ဘေးနားက ကျောင်းသားက အစားဝင်ဖြေပေးသည်ဟု ဆိုပါသည်။ ကျောင်းသူတစ်ယောက် နွားစာသွားရိတ်ရသောကြောင့် မနက်ပိုင်း ကျောင်းမလာနိုင်သည်ကို "သူ နွားထမင်းသွားခူးတယ်" ဟု ခွင့်တိုင်ပါသည်။ တကယ်တော့ မောင်လူမွှေးကိုယ်တိုင် ချင်းလူမျိုး ကျောင်းသူ၊ ကျောင်းသားများစွာကို ပညာသင်ကြားပေးခဲ့ဖူးပါသည်။ သူတို့၏ ရိုးသားမှု၊ ဖြူစင်မှု၊ ဖြောင့်မတ်မှုတို့ကို မောင်လူမွှေး လေးစားသည်။ သူတို့ဆီကပင် ပြန်သင်ယူရတာတွေ ရှိပါသည်။ မောင်လူမွှေး သူငယ်ချင်းတွေနှင့် စုပေါင်းပြီး ဖွင့်ခဲ့သည့် ပညာဒါနကျောင်းတွင် ကိုးနှစ်အတွင်း အထူးချွန်ဆုံး အောင်မြင်ခဲ့သော ကျောင်းသားသည် ချင်းလူမျိုးကျောင်းသား ဖြစ်ပါသည်။ လက်ရှိအချိန်တွင်တော့ ထိုကျောင်းသားသည် စစ်အာဏာရှင်ကို တော်လှန်သည့်အတွက် နှစ်ပေါင်းလေးဆယ် ထောင်ကျနေပါသည်။ အာဏာသိမ်းစစ်တပ်က ချင်းတောင်ပေါ်တွင် ခက်ခက်ခဲခဲ ပညာသင်ကြားနေကြသော စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့တွင် ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာ၊ ဝမ္မသူးမောင်စာသင်ကျောင်းနှင့် ထင်ချောင်းကျေးရွာ RC ဘုရားကျောင်းဝင်းတွင်းက ဘော်ဒါဆောင်တို့ကို ဂျက်ဖိုက်တာနှစ်စီးနှင့် တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ချင်းလူငယ်တွေကို ပညာသင်ကြားပေးနေသည့် ထင်ချောင်းကျေးရွာ RC ဘုရားကျောင်းဝင်းအတွင်း ဘော်ဒါဆောင်က ဆယ်ကျော်သက်အရွယ် ကျောင်းသား သုံးဦး၊ မသန်စွမ်း မိန်းကလေး တစ်ဦး သေဆုံးခဲ့ရပြီး နှစ်ဆယ်ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင်လည်း ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ Grade 3 ကျောင်းသူ တစ်ဦး၊ Grade 5 ကျောင်းသား တစ်ဦး သေဆုံးခဲ့သည်။ ကျောင်းသားသုံးဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါသည်။ ဒဏ်ရာရသည့်ကလေးကို ပွေ့ချီပြေးလာသည့် မိဘဖြစ်သူ၏ ကြေကွဲဖွယ်ဓာတ်ပုံသည် မောင်လူမွှေး မျက်စိထဲတွင် မှတ်မိနေပါသည်။ ၂၀၂၅ အောက်တိုဘာ ၂၁ ရက်နေ့၊ မနက် ၁ နာရီဝန်းကျင်မှာလည်း ဟားခါးမြို့နယ်၊ ဇာထာလ်ကျေးရွာက စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲပြန်ပါသည်။ အာဏာသိမ်းစစ်တပ်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ချင်းပြည်နယ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲခဲ့သည်။ စစ်တပ်၏ ဗုံးကြဲမှုကြောင့် ချင်းပြည်နယ် မင်းတပ်နှင့် ဟားခါးမြို့နယ်က စာသင်ကျောင်းတွေ ပညာသင်ကြားမှု ယာယီရပ်ဆိုင်းခဲ့ရပါသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အာဏာရှင်အဆက်ဆက်တွင် အဆင်းရဲဆုံး ပြည်နယ်ဖြစ်ခဲ့သည်။ စစ်အာဏာရှင်တို့သည် ချင်းပြည်၏ ပညာတိုးတက်ရေးကို မည်သည့်အခါမှ စိတ်မဝင်စားခဲ့ပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်၏ လုပ်ရပ်က ပိုဆိုးလာပါသည်။ ချင်းပြည်တွင် ပညာသင်ကြားနေသည့် ကလေးတွေကို သတ်ဖြတ်သည့် အဆင့်ရောက်လာပါသည်။ ချင်းတောင်ပေါ်မှာ ပညာသင်ကြားနေကြသည့် စာသင်ကျောင်းတွေကို ဗုံးကြဲပြီး သတ်ဖြတ်ခြင်းသည် ချင်းပြည်၏ အနာဂတ်ကို သတ်ဖြတ်ခြင်းဖြစ်ပါသည်။ ချင်းပြည်သည် အားကိုးလောက်စရာ စိုက်ပျိုးမြေနှင့် သယံဇာတ မရှိပါ။ ပညာသည်သာလျှင် ချင်းပြည်၏ အနာဂတ် အားကိုးရာ ဖြစ်ပါသည်။ 👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း Join Us @ MoeMaKa Telegram t.me@moemaka Please show your support, donate with Zelle Zelle to moemaka.org@gmail.com "MoeMaKa Multimedia" Like and Subscribe MoeMaKa YouTube Channel youtube.com/@moemaka Like us on MoemaKa Facebook Follow us on X X.com/MoeMaKa #MoeMaKaMedia #WhatsHappeningInMyanmar
2026-09-22 11:16:00

O que você está fazendo?

0.022123098373413


Notícias
Moemaka

Últimas notícias e manchetes
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၅) မိုးမခ ၊ စက်တင်ဘာ ၂၂ ၊ ၂၀၂၆ ချင်းပြည်၏ အနာဂတ်ကို သတ်ဖြတ်ခြင်း အာဏာသိမ်းစစ်တပ်သည် တော်လှန်နယ်မြေ...
Notícias